1. အို ဘုရားရှင်၊ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
2. တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
3. ကိုယ်တော်ရှင်သည်အမိန့်ပေး၍လူသားတို့အားမြေမှုန့်အဖြစ်သို့ပြန်လည်ပြောင်းလဲစေတော် မူပါ၏။
4. ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
5-6. ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
7. ကိုယ်တော်ရှင်၏အမျက်တော်ကြောင့် ကျွန်တော်မျိုးတို့သည်ပျက်စီးကြပါ၏။အမျက်တော်အရှိန်ကြောင့်ကြောက်လန့် တုန်လှုပ်ကြပါ၏။
8. ကျွန်တော်မျိုးတို့၏အပြစ်များကိုရှေ့တော်၌ ချထားတော်မူပါ၏။ကျွန်တော်မျိုးတို့လျှို့ဝှက်ကူးလွန်သည့်ဒုစရိုက်များကိုကိုယ်တော်မြင်သာသည့် နေရာ၌ ချထားတော်မူပါ၏။
9. ကျွန်တော်မျိုးတို့သည်အမျက်တော်ကိုခံရ သောကြောင့် အသက်တိုကြရပါ၏။ကျွန်တော်မျိုးတို့၏အသက်သည်တီးတိုး ပြောသည့် လေသံကဲ့သို့ပျောက်ကွယ်တတ်ပါ၏။
10. ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။သို့ရာတွင်ထိုနှစ်ကာလများအတွင်းကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
11. အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကိုအဘယ်သူသည်သိရှိပါသနည်း။
12. ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှတိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
13. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
14. ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန်နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
15. ဒုက္ခရောက်စဉ်အခါကကိုယ်တော်သည်ကျွန်တော်မျိုးတို့အားခံစေသောစိတ်ဆင်းရဲမှု ပမာဏအတိုင်းယခုအခါ၌ကျွန်တော်မျိုးတို့အားဝမ်းမြောက် ရွှင်လန်းမှုကိုခံစားစေတော်မူပါ။
16. ကိုယ်တော်ရှင်၏အစေခံဖြစ်သောကျွန်တော်မျိုးတို့အားကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာအမှုတော်တို့ကိုတွေ့မြင်ခွင့် ပေးတော်မူပါ။ကျွန်တော်မျိုးတို့၏သားမြေးများအားကိုယ်တော်ရှင်၏ဘုန်းအသရေနှင့်တန်ခိုး အာနုဘော်တော်ကိုတွေ့မြင်ခွင့်ပေးတော်မူပါ။
17. ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။