1. အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
2. ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
3. မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
4. ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
5. ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုအဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
6. ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
7. ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
8. ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
9. ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန်ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
10. ကိုယ်တော်ရှင်သည်ချိုင့်ဝှမ်းများတွင်စမ်းချောင်း တို့ကိုပေါ်ပေါက်စေတော်မူ၍တောများအကြားတွင် မြစ်များစီးဆင်းစေတော်မူပါ၏။
11. ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
12. အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
13. ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့်ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
14. ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
15. မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
16. ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
17. ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
18. တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ခွေးတူဝက်တူတို့သည်ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
19. ကိုယ်တော်ရှင်သည်အချိန်ကာလကိုသတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
20. ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့်မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
21. ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
22. နေထွက်လာသောအခါမိမိတို့၏ သားရဲတွင်းများသို့ပြန်၍ခိုအောင်းကြပါ၏။
23. ထိုအခါလူတို့သည်မိမိတို့အလုပ်များကိုလုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
24. အို ထာဝရဘုရား၊ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
25. မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
26. သမုဒ္ဒရာထဲတွင်သင်္ဘောများရွက်လွှင့်ကြပါ၏။ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသည့်ရေသတ္တဝါ ကြီး လဝိသန်သည်လည်းခုန်ပေါက်မြူးတူး ပါ၏။
27. ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
28. ကိုယ်တော်ရှင်သည်သူတို့အားကျွေးမွေးတော် မူသဖြင့် သူတို့သည်စားရကြပါ၏။ကိုယ်တော်ရှင်သည်အစာကိုချပေးတော်မူသဖြင့် သူတို့သည်ကျေနပ်ရောင့်ရဲရကြပါ၏။
29. ကိုယ်တော်ရှင်သည်သူတို့ထံမှမျက်နှာတော်ကိုလွှဲတော်မူသောအခါ သူတို့သည်ကြောက်လန့်ကြပါ၏။ကိုယ်တော်သည်သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါသူတို့သည်သေ၍မြေမှုန့်အဖြစ်သို့ပြန်လည် ရောက်ရှိသွားရကြပါ၏။
30. သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါသူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
31. ထာဝရဘုရား၏ဘုန်းအသရေတော်သည်ထာဝစဉ်ထွန်းတောက်တော်မူပါစေသော။ထာဝရဘုရားသည်မိမိဖန်ဆင်းတော်မူသော အရာများအတွက်ဝမ်းမြောက်တော်မူပါစေသော။
32. ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
33. ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
34. ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
35. အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။