1. ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
2. ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
3. ငါတို့၏ဘုရားအားထောမနာပြုရာသီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက်ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
4. အခြားဘုရားများကိုမဆည်းကပ်၊မိစ္ဆာဘုရားများကိုရှိမခိုးဘဲထာဝရဘုရားအား ကိုးစားသူသည်မင်္ဂလာရှိ၏။
5. ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက်ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
6. ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
7. သို့ဖြစ်၍ကျွန်တော်မျိုးပြန်လျှောက်ထားပါ၏။``ကျွန်တော်မျိုးအသင့်ရှိပါ၏။ကျွန်တော်မျိုးအတွက်ကိုယ်တော်ရှင်ပေးတော် မူသော ညွှန်ကြားချက်များသည်ပညတ်ကျမ်း၌ပါ ရှိပါ၏။
8. ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
9. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ်ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။
10. ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့်ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့်ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။
11. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ်သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည်ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။
12. ရေတွက်၍မရနိုင်အောင်များမြောင်သောဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအားလိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
13. အို ထာဝရဘုရား၊ကျွန်တော်မျိုးအားကယ်တော်မူပါ။ ယခုပင်ကူမတော်မူပါ။
14. ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည်လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
15. ကွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည်အရေးရှုံးနိမ့်၍တုန်လှုပ်ချောက်ချားကြပါစေ သော။
16. ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူအပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက်ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည်``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။
17. အို ဘုရားရှင်၊ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်းကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။