1. အို ဘုရားသခင်၊ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
2. ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
3. အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
4. ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
5. ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
6. သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
7. အို ဘုရားသခင်၊သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။
8. ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကိုကိုယ်တော်ရှင်သိတော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။
9. ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
10. ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။
11. ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။
12. အို ဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
13. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးသည်အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။