1. အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
2. ကျွန်တော်မျိုးသည်နက်လှသောရွှံ့ထဲတွင်ကျွံနေပါပြီ။ ခြေနင်းစရာမြေမာမရှိပါ။ကျွန်တော်မျိုးသည်ရေနက်ထဲသို့ရောက်လျက် ရှိပါ၏။လှိုင်းလုံးများသည်ကျွန်တော်မျိုးအား လွှမ်းမိုးကြပါတော့မည်။
3. ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ကိုယ်တော်ရှင်ကူမတော်မူရန်မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
4. ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသောသူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
5. အို ဘုရားသခင်၊ကျွန်တော်မျိုး၏အပြစ်များကိုကိုယ်တော် ထံတော်မှ ဖုံးကွယ်၍မရပါ။ကျွန်တော်မျိုးအဘယ်မျှမိုက်မဲသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။
6. အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည်ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည်ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။
7. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက်စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
8. ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
9. ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည်ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ကိုယ်တော်ရှင်အားစော်ကားပြောဆိုသောစကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
10. ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့်မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
11. ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
12. သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
13. သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်းတောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။အို ဘုရားသခင်၊အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
14. ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
15. ကျွန်တော်မျိုးအားရေလွှမ်းမိုးစေတော်မမူပါနှင့်။ရေနက်ရာတွင်နစ်မြုပ်စေတော်မမူပါနှင့်။သင်္ချိုင်းတွင်းသို့သက်ဆင်းစေတော်မမူ ပါနှင့်။
16. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည်ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
17. ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
18. ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
19. ကျွန်တော်မျိုးသည်အဘယ်မျှအစော်ကား ခံရ၍အဘယ်မျှအရှက်ကွဲအသရေပျက်ရသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူ အပေါင်းကို မြင်တော်မူပါ၏။
20. အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
21. ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
22. သူတို့၏စားသောက်ပွဲများသည်သူတို့ ပျက်စီးရာပျက်စီးကြောင်းဖြစ်ပါစေသော။သူတို့ကျင်းပသည့်ဋ္ဌမ္မပွဲများသည်လည်း သူတို့ပြိုလဲကြောင်းဖြစ်ပါစေသော။
23. သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
24. ကိုယ်တော်ရှင်၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်းတော်မူ၍အမျက်တော်အဟုန်သည် သူတို့အားမီစေတော်မူပါ။
25. သူတို့၏တဲစခန်းများသည်လူသူဆိတ်ညံရာ အရပ်များအဖြစ်ဖြင့်ကျန်ရစ်ပါစေသော။သူတို့၏တဲများအတွင်း၌လူတစ်ဦးတစ်ယောက် မျှ အသက်ရှင်လျက်ကျန်ရစ်စေတော်မမူပါ နှင့်။
26. ထိုသူတို့သည်ကိုယ်တော်ရှင်ဒဏ်ခတ်ခဲ့သောသူ တို့ကို နှိပ်စက်ညှဉ်းဆဲကြပါ၏။ကိုယ်တော်ရှင်ထိခိုက်ဒဏ်ရာရစေခဲ့သော သူတို့ ခံရသည့်ဝေဒနာအကြောင်းကိုပြောဆို ကြပါ၏။
27. သူတို့၏အပြစ်ရှိသမျှကိုစာရင်းပြု၍ မှတ်သားထားတော်မူပါ။ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် ကို သူတို့အားခံစားခွင့်ပေးတော်မမူပါနှင့်။
28. သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
29. သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
30. ကျွန်တော်မျိုးသည်သီချင်းအားဖြင့်ဘုရားသခင်အား ထောမနာပြုပါမည်။ကျေးဇူးတော်ကိုချီးမွမ်းခြင်းအားဖြင့်ကိုယ်တော်၏ကြီးမြတ်တော်မူပုံကိုထုတ် ဖော် ကြေညာပါမည်။
31. ယင်းသို့ပြုသည်ကိုထာဝရဘုရားသည်နွားပူဇော်သကာထက်ပို၍နှစ်သက်တော် မူလိမ့်မည်။ထွားကြိုင်းသန်မာသောနွားလားကိုပူဇော် သည်ထက် ပို၍နှစ်သက်တော်မူလိမ့်မည်။
32. ဤအချင်းအရာကိုမြင်သောအခါညှဉ်းဆဲ ခံရသူတို့သည်ဝမ်းမြောက်ကြလိမ့်မည်။ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့သည် အားတက်ကြလိမ့်မည်။
33. ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
34. ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ဘုရားသခင်အားထောမနာပြုကြလော့။
35. ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင်နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
36. ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။