တ​မန်​တော်​ဝတ္ထု 16:23-36 Myanmar Standard Bible (MSB)

23. သူ​တို့​ကို အ​ချက်​ပေါင်း​များ​စွာ​ရိုက်​နှက်​စေ​ပြီး​လျှင် ထောင်​ထဲ​၌​ထည့်​ထား​ကာ သူ​တို့​ကို သေ​ချာ​စွာ​စောင့်​ကြပ်​ထား​ရန် ထောင်​မှူး​အား အ​မိန့်​ပေး​ကြ​၏။

24. ထို​အ​မိန့်​ကို​ရ​သော​ထောင်​မှူး​သည် သူ​တို့​ကို ထောင်​အ​တွင်း​ခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်​တုံး​ခတ်​ထား​လေ​၏။

25. သန်း​ခေါင်​အ​ချိန်​ခန့်​တွင် ပေါ​လု​နှင့်​သိ​လ​တို့​သည် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လျက် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​နေ​ကြ​၏။ အ​ကျဉ်း​သား​များ​သည်​လည်း သူ​တို့​ကို​နား​ထောင်​နေ​ကြ​၏။

26. ထို​အ​ခါ ရုတ်​တ​ရက် င​လျင်​ပြင်း​ထန်​စွာ​လှုပ်​သ​ဖြင့် ထောင်​၏​အုတ်​မြစ်​သည် တုန်​ခါ​၍ တံ​ခါး​ရှိ​သ​မျှ​သည် ချက်​ချင်း​ပွင့်​သွား​ကာ အ​ကျဉ်း​သား​အား​လုံး​၏​သံ​ကြိုး​များ​သည် ပြုတ်​သွား​လေ​၏။

27. ထောင်​မှူး​သည် နိုး​လာ​၍ ထောင်​တံ​ခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း​သား​များ​လွတ်​သွား​ပြီ​ဟု​ထင်​မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိ​မိ​ကိုယ်​ကို​သတ်​မည်​ပြု​၏။

28. သို့​သော် ပေါ​လု​က “သင့်​ကိုယ်​သင် အန္တ​ရာယ်​မ​ပြု​နှင့်။ ငါ​တို့​အား​လုံး ဤ​နေ​ရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လေ​၏။

29. ထို​အ​ခါ ထောင်​မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေး​ဝင်​လာ​ပြီး​လျှင် တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ရှေ့​တွင် ပျပ်​ဝပ်​လေ​၏။

30. ထို့​နောက် သူ​တို့​ကို အ​ပြင်​သို့​ထုတ်​ဆောင်​ကာ “အ​ရှင်​တို့၊ ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​ကျွန်ုပ်​မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လေ​၏။

31. သူ​တို့​က​လည်း “သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​လော့။ သို့​ပြု​လျှင် သင်​နှင့် သင်​၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​ကြ​၏။

32. ထို့​နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အား​လုံး​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ကြ​၏။

33. ထောင်​မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်​ဆောင်​သွား​၍ ဒဏ်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို့​နောက် သူ​နှင့် သူ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​သည် ချက်​ချင်း​ဗတ္တိ​ဇံ​ခံ​ကြ​၏။

34. သူ​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို အိမ်​သို့​ခေါ်​ဖိတ်​၍ စား​ဖွယ်​ရာ​များ​တည်​ခင်း​ကျွေး​မွေး​ကာ အိမ်​သူ​အိမ်​သား​အား​လုံး​နှင့်​အ​တူ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ရ​သော​ကြောင့် ရွှင်​မြူး​လေ​၏။

35. မိုး​လင်း​သော​အ​ခါ အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​သည် နယ်​ထိန်း​တို့​ကို​စေ​လွှတ်​၍ “ထို​သူ​တို့​ကို​လွှတ်​ပေး​လိုက်​ပါ”​ဟု ဆို​ကြ​၏။

36. ထို​အ​ခါ ထောင်​မှူး​သည် ထို​သ​တင်း​ကို ပေါ​လု​အား ပြော​ကြား​လျက် “အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့​ကြောင့် ယ​ခု​ထွက်​လာ​၍ ငြိမ်း​ချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။

တ​မန်​တော်​ဝတ္ထု 16