6. အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။သူတို့သည်ထာဝရဘုရားအားမိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
7. ကိုယ်တော်သည်ယေရုရှလင်မြို့ကိုပြန်လည် ထူထောင်ကာ၊ကမ္ဘာတစ်ဝှမ်းလုံးကချီးမွမ်းထောမနာပြုရာမြို့ အဖြစ်သို့ရောက်စေတော်မမူမီတိုင်အောင်၊သူတို့သည်ကိုယ်တော်အားအငြိမ်နေစေ ကြလိမ့်မည်မဟုတ်။
8. ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
9. သို့ရာတွင်အသီးအနှံများကိုစိုက်ပျိုး ရိတ်သိမ်း သူသင်တို့သာလျှင်၊ယင်းတို့ကိုစားသုံးကြလျက်၊ထာဝရဘုရား အား ထောမနာပြုရကြလိမ့်မည်။စပျစ်သီးများကိုပြုစုဆွတ်ခူးသူသင်တို့ သာလျှင်ငါ၏ဗိမာန်တော်တန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ရကြလိမ့်မည်။''
10. ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။လမ်းမကြီးကိုပြင်ဆင်ကြလော့။ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။
11. ``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည်မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟုယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
12. သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊''``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့''``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။