1. သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
2. ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာရပ်လျက်နေကြ၏။ သူတို့မှာအတောင်ခြောက်ခုစီရှိ၏။ သူတို့သည်အတောင်နှစ်ခုဖြင့်မိမိတို့မျက်နှာကိုလည်းကောင်း၊ အခြားနှစ်ခုဖြင့်ကိုယ်ခန္ဓာကိုလည်းကောင်းဖုံးအုပ်ထားကာကျန်အတောင်နှစ်ခုကိုမူပျံတက်ရာတွင်အသုံးပြုကြလေသည်။-
3. သူတို့သည်``အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ၏။သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိပါ၏။''ဟုအချင်းချင်းကြွေးကြော်၍နေကြ၏။
4. ဤသို့သူတို့ကြွေးကြော်ကြသည့်အသံကြောင့်၊ ဗိမာန်တော်အုတ်မြစ်သည်တုန်လှုပ်ကာဗိမာန်တော်သည်လည်းမီးခိုးများနှင့်ပြည့်၍လာတော့၏။
5. ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။