5. သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သောဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
6. အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
7. ``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
8. ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟုသင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
9. ``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟုနောဧ၏လက်ထက်၌ကတိပြုခဲ့၏။သင်တို့အားနောက်တစ်ဖန်အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
10. တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့်ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟုသင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
11. ``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
12. သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။
13. ``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
14. သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
15. အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။