ယေ​ရ​မိ 22:7-22 Common Language Bible (BCL)

7. ထို​နန်း​တော်​ကို​ဖြို​ဖျက်​ရန် လူ​များ​ကို​ငါ စေ​လွှတ်​မည်။ သူ​တို့​သည်​ပု​ဆိန်​များ​ကို​ယူ ဆောင်​လာ​ပြီး​လျှင် လှ​ပ​သည့်​အာ​ရစ်​တိုင် ကြီး​များ​ကို​ခုတ်​လှဲ​၍​မီး​ထဲ​သို့​ပစ်​ချ ကြ​လိမ့်​မည်။

8. ``ထို​နောက်​လူ​မျိုး​ခြား​အ​များ​ပင် အ​နီး​မှ ဖြတ်​သန်း​သွား​လာ​ကြ​လျက် ဤ​မြို့​တော် ကြီး​ကို​အ​ဘယ်​ကြောင့်​ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ဖြို​ဖျက်​စေ​တော်​မူ​ရ​ကြောင်း​ကို သူ တို့​အ​ချင်း​ချင်း​မေး​မြန်း​ကြ​လိမ့်​မည်။-

9. သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ သော ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စွန့် ပစ်​၍ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ကြ​သ​ဖြင့် ဤ​သို့​ဖြစ်​ရ​ကြောင်း​ကို လည်း​အ​ချင်း​ချင်း​ပြန်​လည်​ပြော​ကြား ကြ​လိမ့်​မည်။

10. ယု​ဒ​ပြည်​သူ​တို့၊ယော​ရှိ​မင်း​အ​တွက်​သင်​တို့ မ​ငို​ကြွေး​ကြ​နှင့်။သူ​ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​မှု မ​ပြု​ကြ​နှင့်။သို့​ရာ​တွင်​သူ​၏​သား​တော်​ယော​ခတ်​အ​တွက် ပြင်း​ပြ​စွာ​ငို​ကြွေး​ကြ​လော့။ရန်​သူ​တို့​သည်​သူ့​အား​အ​ပြီး​အ​ပိုင် ခေါ်​ဆောင်​သွား​ကြ​လိမ့်​မည်။သူ​သည်​မိ​မိ​မွေး​ဖွား​ရာ​အ​ရပ်​ကိုနောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လည်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်။

11. ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​ယော​ရှိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ သား​တော်​ယော ခတ်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား က``သူ​သည်​ဤ​အ​ရပ်​မှ​အ​ပြီး​အ​ပိုင်​ထွက် ခွာ​သွား​လေ​ပြီ။-

12. သူ​သည်​ရန်​သူ​တို့​ခေါ်​ဆောင်​သွား​သည့်​ပြည် ၌​ပင်​ကွယ်​လွန်​ရ​လိမ့်​မည်။ နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ဤ​ပြည်​ကို​ပြန်​လည်​တွေ့​မြင်​ရ​တော့ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

13. ``မိ​မိ​အိမ်​ကို​မ​တ​ရား​သော​နည်း​ဖြင့်​လည်း ကောင်း၊မိ​မိ​၏​အ​ထက်​ခန်း​များ​ကို​မ​ရိုး​ဖြောင့်​သော နည်း​ဖြင့်​လည်း​ကောင်း၊တည်​ဆောက်​ကာ၊မိ​မိ​၏​အိမ်​နီး​ချင်း​များ​အား​အ​ခ​မဲ့​စေ စား​သူ၊သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ဘဲ​နေ သူ​သည် အ​မင်္ဂ​လာ​ရှိ​၏။

14. အ​ထက်​ထပ်​တွင်​အ​ခန်း​ကျယ်​ကြီး​များ​နှင့်ငါ​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကြီး တစ်​ဆောင်​ကို၊တည်​ဆောက်​အံ့​ဟု​ဆို​သော​သူ​သည်​အမင်္ဂ​လာ ရှိ​၏။သူ​သည်​ထို​သို့​ဆို​ပြီး​လျှင်​မိ​မိ​အိမ်​တွင် ပြူ​တင်း​ပေါက်​များ​ကို​ဖောက်​၏။အာ​ရဇ်​သား​မှန်​ပုံ​များ​ကို​တပ်​၍​အ​နီ​ရောင် ဆေး​ကို​သုတ်​၏။

15. သူ​တစ်​ပါး​တို့​၏​အိမ်​ထက်​ပို​မို​ခမ်း​နား အောင်အာ​ရစ်​သား​ဖြင့်​အိမ်​များ​ကို​တည်​ဆောက် နိုင်​ခြင်း​ကြောင့်၊သင်​သည်​ပို​၍​ကောင်း​သော​မင်း​ဖြစ်​ပါ​သ​လော။သင်​၏​ခ​မည်း​တော်​သည်​ပျော်​ရွှင်​စွာ​နေ​ထိုင် လျက် အ​စဉ်​ဖြောင့်​မတ်​၍​တ​ရား​မျှ​တ​၏။သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​အောင် မြင်​လေ​သည်။

16. သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​၏​အ​မှု​ကို​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​သည်​ဖြစ်​၍အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လျက်​ရှိ​၏။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း​ရ​ခြင်း​၏ အ​ကျိုး​ကျေး​ဇူး​ပင်​ဖြစ်​လေ​သည်။

17. ``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''

18. သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။`အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။

19. မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။

20. ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​မ​ဟာ​မိတ် များ​သည် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ။သို့​ဖြစ်​၍​သင်​တို့​သည်​လေ​ဗ​နုန်​တောင်​ထိပ်​သို့ တက်​၍ ကြွေး​ကြော်​ကြ​လော့။ဗာ​ရှန်​ပြည်​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။မော​ဘ​ပြည်​တောင်​များ​ပေါ်​မှ​အ​သံ​ကို လွှင့်​လော့။

21. သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။

22. သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​လေ​တွင်​လွင့်​၍ ပါ​သွား​ကြ​လိမ့်​မည်။သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​စစ်​သုံ့​ပန်း​များ အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။သင်​တို့​ပြု​ကျင့်​ခဲ့​သည့်​မ​ကောင်း​မှု​များ​အ​တွက်သင်​တို့​၏​မြို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လိမ့်​မည်။

ယေ​ရ​မိ 22