29. ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကိုလိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်းသူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
30. ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်းကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အားကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။
31. သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ဆုံးပါးပျက်စီးစေတော်မမူပါ။ကိုယ်တော်သည်သနားကြင်နာ၍ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
32. ``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည်ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
33. အကျွန်ုပ်တို့အားကိုယ်တော်အပြစ်ဒဏ် ပေးတော်မူသည်မှာတရားပါ၏။အကျွန်ုပ်တို့သည်အပြစ်ကူးလွန်ခဲ့ကြသော် လည်း ကိုယ်တော်သည်သစ္စာစောင့်တော်မူပါ၏။
34. အကျွန်ုပ်တို့၏ဘိုးဘေးများ၊ ဘုရင်များ၊ ခေါင်းဆောင်များနှင့်ယဇ်ပုရောဟိတ်များသည်ကိုယ်တော်၏ ပညတ်တရားတော်ကိုမစောင့်ထိန်းခဲ့ကြပါ။သူတို့သည်ကိုယ်တော်၏အမိန့်တော်များ၊သတိပေးတော်မူချက်များကို နားမထောင်ကြပါ။
35. အကျွန်ုပ်တို့၏ဘုရင်များသည်ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကိုမကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။
36. ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသောအကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
37. အကျွန်ုပ်တို့သည်အပြစ်များကူးလွန်သောကြောင့် ဤပြည်မှရသောကောက်ပဲသီးနှံများကိုအကျွန်ုပ်တို့အားကိုယ်တော်အုပ်စိုးစေသည့် မင်းတို့ကခံစားရကြပါ၏။ထိုမင်းတို့သည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ကျွဲနွားများကိုမိမိတို့ထင်သလိုခိုင်းစေ ကြပါ၏။သို့ဖြစ်၍အကျွန်ုပ်တို့သည်လွန်စွာ ဆင်းရဲရကြပါ၏။''
38. ဤသို့ဖြစ်ပျက်သည့်အမှုအရာအပေါင်းကြောင့် ငါတို့ဣသရေလပြည်သူတို့သည်ကတိဝန်ခံ ချက်ကိုစာဖြင့်ရေး၍ ငါတို့၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်များနှင့်ယဇ်ပုရောဟိတ်များ ကတံဆိပ်ခတ်ကြ၏။