16. သို့ရာတွင်အကျွန်ုပ်တို့ဘိုးဘေးများသည် မာန်မာနထောင်လွှားကာခေါင်းမာလာပြီးလျှင်ကိုယ်တော်၏အမိန့်တော် တို့ကို မလိုက်နာကြပါ။
17. သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။မာန်မာနထောင်လွှားကာမိမိတို့အားကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။
18. သူတို့သည်နွားလားဥသဘရုပ်ကိုသွန်းလုပ် ပြီးလျှင်ဤဘုရားကားငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာသောဘုရားပင်တည်း'' ဟုဆို ကြပါ၏။အို ထာဝရဘုရားသူတို့သည်ကိုယ်တော်အား လွန်စွာစော်ကားကြပါသည်တကား။
19. သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့်မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
20. ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့်သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။
21. အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင်ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။သူတို့၏ခြေသည်မပွန်းမရောင်ရပါ။
22. ``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်းသြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။