2. ကျွန်တော်မျိုးသည်နက်လှသောရွှံ့ထဲတွင်ကျွံနေပါပြီ။ ခြေနင်းစရာမြေမာမရှိပါ။ကျွန်တော်မျိုးသည်ရေနက်ထဲသို့ရောက်လျက် ရှိပါ၏။လှိုင်းလုံးများသည်ကျွန်တော်မျိုးအား လွှမ်းမိုးကြပါတော့မည်။
3. ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ကိုယ်တော်ရှင်ကူမတော်မူရန်မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
4. ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသောသူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
5. အို ဘုရားသခင်၊ကျွန်တော်မျိုး၏အပြစ်များကိုကိုယ်တော် ထံတော်မှ ဖုံးကွယ်၍မရပါ။ကျွန်တော်မျိုးအဘယ်မျှမိုက်မဲသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။
6. အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည်ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည်ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။
7. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက်စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
8. ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
9. ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည်ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ကိုယ်တော်ရှင်အားစော်ကားပြောဆိုသောစကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
10. ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့်မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
11. ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
12. သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
13. သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်းတောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။အို ဘုရားသခင်၊အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
14. ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
15. ကျွန်တော်မျိုးအားရေလွှမ်းမိုးစေတော်မမူပါနှင့်။ရေနက်ရာတွင်နစ်မြုပ်စေတော်မမူပါနှင့်။သင်္ချိုင်းတွင်းသို့သက်ဆင်းစေတော်မမူ ပါနှင့်။
16. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည်ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
17. ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။