1-2. ထာဝရဘုရားကိုထောမနာပြုကြလော့။ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသောငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
3. ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
4. ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
5. ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
6. ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်းအလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
7. ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
8. အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။
9. ထိုပြည်တွင်ဖာရောဘုရင်နှင့်သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန်ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
10. များစွာသောတိုင်းနိုင်ငံတို့ကိုပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။