11. ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
12. ဤသည်ကား ခရစ်တော်၌ ဦးစွာမျှော်လင့်ထားသောငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည့်အကြောင်းတည်း။
13. သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
14. ထိုဝိညာဉ်တော်သည် ပိုင်ဆိုင်တော်မူသောသူတို့ရွေးနုတ်ခြင်းခံရသည်အထိ ငါတို့၏အမွေအတွက် စရန်ဖြစ်တော်မူ၏။ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်အတွက်လည်းဖြစ်၏။
15. ထို့ကြောင့် ငါသည်လည်း သခင်ယေရှုအပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ်ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ကြားသိသဖြင့်
16. သင်တို့အတွက် အစဉ်မပြတ်ကျေးဇူးတော်ချီးမွမ်းလျက် ငါ၏ဆုတောင်းချက်များ၌ သင်တို့ကိုသတိရကာ
17. ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့်
18. ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
19. ကိုယ်တော်၏အစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့၏လုပ်ဆောင်မှုအားဖြင့် ယုံကြည်သောငါတို့အပေါ်သက်ရောက်သည့် ကိုယ်တော်၏တန်ခိုးသည် မည်မျှထူးကဲကြီးမားသည်ကိုလည်းကောင်း သင်တို့အားသိစေမည့်အကြောင်း တောင်းလျှောက်၏။