7. ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။
8. အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။
9. သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
10. အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။
11. ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
12. ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
13. ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးရကြမည်။