10. အကြောင်းမူကား လူသားဖခင်တို့သည် ကောင်းသည်ဟု မိမိတို့ထင်မြင်သည့်အတိုင်း ခဏသာဆုံးမပဲ့ပြင်တတ်ကြ၏။ ဝိညာဉ်ရေးဆိုင်ရာဖခင်မူကား သူ၏သန့်ရှင်းခြင်း၌ ငါတို့ပါဝင်ခံစားရမည့်အကြောင်း ငါတို့အကျိုးကိုထောက်၍ ဆုံးမပဲ့ပြင်တော်မူ၏။
11. ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ်တွင် ဝမ်းမြောက်စရာမဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရတတ်၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသောသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းသောအကျိုးကျေးဇူးကို ပြန်လည်ခံစားရကြ၏။
12. ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ခိုင်ခံ့တည့်မတ်စေကြလော့။
13. ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။
14. လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
15. မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။