28. သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
29. ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူအထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာပူးဝင်သဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချုည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
30. ယေရှုကလည်း ထိုသူအား “သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ သူ့အထဲ၌ နတ်ဆိုးများစွာပူးဝင်နေသောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
31. တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
32. ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့သည် ထိုဝက်များထဲသို့ဝင်ခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။
33. ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။
34. ဝက်ထိန်းကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုမြင်ကြသောအခါ ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြလေ၏။
35. လူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုကြည့်ရှုရန် ထွက်လာ၍ ယေရှုထံသို့ရောက်လာကြသောအခါ နတ်ဆိုးများထွက်သွားသောသူသည် အဝတ်ဝတ်ထားကာ ယေရှု၏ခြေတော်ရင်း၌ ပကတိစိတ်ရှိလျက် ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။