28. ကိုယ်တော်ကလည်း “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူ၏။
29. ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
30. ယေရှုက “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။
31. ယဇ်ပုရောဟိတ်တစ်ပါးသည် အကြောင်းတိုက်ဆိုင်၍ ထိုလမ်းအတိုင်းဆင်းလာပြီး ထိုသူကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
32. ထိုနည်းတူ လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာ၍ သူ့ကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
33. သို့သော် ရှမာရိနယ်သားတစ်ဦးသည် ခရီးသွားရင်း သူ့အနားသို့ရောက်လာ၍ သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့်
34. ချဉ်းကပ်လျက် သူ၏ဒဏ်ရာများအပေါ် ဆီနှင့်စပျစ်ဝိုင်ကိုလောင်းထည့်ကာ အဝတ်နှင့်ပတ်စည်းပေး၏။ ထို့နောက် သူ့ကို မိမိ၏တိရစ္ဆာန်ပေါ်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။