39. ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
40. ဇာခရိအိမ်သို့ဝင်ကာ အဲလစ်ဇဘက်ကိုနှုတ်ဆက်လေ၏။
41. မာရိ၏နှုတ်ဆက်စကားကို အဲလစ်ဇဘက်ကြားရသောအခါ သူ၏ကလေးငယ်သည် ဝမ်းထဲ၌ခုန်လေ၏။ အဲလစ်ဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်
42. “သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
43. ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ရောက်လာသောကျေးဇူးကို အဘယ်ကြောင့် ကျွန်မခံရပါသနည်း။
44. အမှန်စင်စစ် သင်၏နှုတ်ဆက်စကားကို ကျွန်မကြားရသောအခါ ကျွန်မ၏ကလေးငယ်သည် ရွှင်မြူးခြင်းဖြင့် ဝမ်းထဲ၌ခုန်ပါ၏။
45. မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။
46. မာရိကလည်း “ငါ၏စိတ်နှလုံးသည် ထာဝရဘုရားကိုချီးမွမ်း၍
47. ငါ့ဝိညာဉ်သည် ငါ၏ကယ်တင်ရှင်ဘုရားသခင်၌ ရွှင်မြူး၏။
48. အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါး၏သိမ်ငယ်သောအဖြစ်ကို ဂရုစိုက်တော်မူပြီ။ ယခုမှစ၍ နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။
49. အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။
50. ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
51. ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် တန်ခိုးအရှိန်အဝါနှင့်ပြည့်စုံသောအမှုကိုပြုတော်မူ၍ အတွင်းစိတ်သဘော၌ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူ၏။
52. ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူ၏။
53. ဆာလောင်သောသူတို့ကို ကောင်းသောအရာများဖြင့်ပြည့်ဝစေ၍ ကြွယ်ဝသောသူတို့ကို လက်ချည်းသက်သက်ပြန်လွှတ်တော်မူ၏။
54-55. ကိုယ်တော်သည် ငါတို့ဘိုးဘေးများအားမိန့်တော်မူသည့်အတိုင်း အာဗြဟံမှစ၍ သူ၏အမျိုးအနွယ်အပေါ် ကာလအစဉ်အဆက်ထားရှိသောကရုဏာတော်ကိုအောက်မေ့၍ မိမိ၏အစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”ဟု ဆို၏။
56. မာရိသည် အဲလစ်ဇဘက်နှင့်အတူ သုံးလခန့်နေပြီးနောက် မိမိအိမ်သို့ပြန်လေ၏။
57. ထို့နောက် အဲလစ်ဇဘက်သည် ဖွားချိန်စေ့၍ သားယောက်ျားကိုဖွားမြင်၏။
58. ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
59. ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်အားအရေဖျားလှီးခြင်းပေးရန် လာကြ၍ သူ့ဖခင်၏နာမည်အတိုင်း သူ့ကို ဇာခရိဟုမှည့်ခေါ်မည်ပြုကြ၏။