3-4. အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
27. ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။
28. ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။
29. မာရိသည် ထိုစကားကြောင့် စိတ်မငြိမ်မသက်ဖြစ်ပြီး ဤနှုတ်ဆက်ခြင်းသည် မည်သည့်အရာကိုဆိုလိုသနည်းဟု တွေးတောဆင်ခြင်လျက်နေ၏။
30. ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။
31. သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။
32. သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍
33. သူသည် ယာကုပ်အမျိုးကို ကာလအစဉ်အဆက်အုပ်ချုပ်လိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်းအဆုံးမရှိ အစဉ်တည်လိမ့်မည်”ဟု မြွက်ဆိုလေ၏။
34. မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။
35. ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
36. ကြည့်လော့။ သင်၏အဆွေအမျိုး အဲလစ်ဇဘက်သည်လည်း အိုမင်းသောအရွယ်၌ သားယောက်ျားကိုသန္ဓေတည်၍ အမြုံမဟုအခေါ်ခံရသောသူသည် ယခု ကိုယ်ဝန်ခြောက်လရှိနေပြီ။
37. ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
38. ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။