13. လူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သောထိုသူကို ဖာရိရှဲတို့ထံသို့ခေါ်သွားကြ၏။
14. ယေရှုသည် ရွှံ့လုပ်၍ ထိုသူကိုမျက်စိမြင်အောင်ပြုလုပ်တော်မူသောနေ့ကား ဥပုသ်နေ့ဖြစ်၏။
15. ထို့ကြောင့် ဖာရိရှဲတို့သည်လည်း သူ၏မျက်စိမြင်လာခဲ့ပုံကို သူ့အား မေးမြန်းကြပြန်၏။ သူကလည်း “ထိုသူသည် အကျွန်ုပ်၏မျက်စိပေါ်တွင် ရွှံ့ကိုလူး၍ အကျွန်ုပ်ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဆို၏။
16. ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။
17. ထို့ကြောင့် ဖာရိရှဲတို့သည် ထိုမျက်မမြင်အား “သင့်ကိုမျက်စိမြင်စေသောသူ၏အကြောင်းကို သင်မည်သို့ဆိုမည်နည်း”ဟု နောက်တစ်ဖန်မေးမြန်းကြလျှင် “ပရောဖက်ဖြစ်သည်”ဟု ဖြေကြားလေ၏။