24. သင်၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီး သင်၏ညီအစ်ကိုထံသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင်ပြုလော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သက္ကာကို ဆက်သလော့။
25. သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
26. သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။
27. ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ’ဟု ပြောထားသည်ကို သင်တို့ကြားရ၏။
28. သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
29. သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
30. သင်၏လက်ယာလက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲသို့မလားရပါက သင့်အတွက် သာ၍ကောင်း၏။