2. ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။
3. ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက်
4. “အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
5. ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
6. ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
7. တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။
8. ထို့ကြောင့် ထိုမြေယာကို ယနေ့တိုင်အောင် သွေးမြေဟုခေါ်တွင်ကြ၏။
11. ယေရှုသည် ဘုရင်ခံရှေ့၌ ရပ်တော်မူရာ ဘုရင်ခံက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ ယေရှုကလည်း “သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
12. သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့၏စွပ်စွဲခြင်းကိုခံရသောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုကိုမျှ ပြန်၍ဖြေတော်မမူ။
13. ထိုအခါ ပိလတ်မင်းသည် ကိုယ်တော်အား “သူတို့သည် သင့်တစ်ဖက်၌ မည်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော”ဟု ဆို၏။
14. သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
15. ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
16. ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။
17. သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။
18. ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
19. ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
20. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့သည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
21. တစ်ဖန် ဘုရင်ခံက “ဤသူနှစ်ယောက်တို့တွင် သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း”ဟု မေးသောအခါ သူတို့က “ဗာရဗ္ဗ”ဟု ဆိုကြ၏။