65. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
66. သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။
67. ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
68. “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
69. ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
70. သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။
71. ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
72. ပေတရုကလည်း “ထိုလူကိုငါမသိ”ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။
73. ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။