1. သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ရောက်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍
2. “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ထိုအခါ ချည်ထားသောမြည်းမနှင့် သူ၏အနားတွင်ရှိသောမြည်းကလေးကို သင်တို့ချက်ချင်းတွေ့ကြလိမ့်မည်။ မြည်းကြိုးဖြေ၍ ငါ့ထံသို့ ခေါ်ဆောင်လာကြလော့။
3. တစ်စုံတစ်ယောက်က သင်တို့အား တစ်စုံတစ်ခုပြောလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့။ ထိုသို့ပြောလျှင် ၎င်းတို့ကို ချက်ချင်းပို့ပေးလိမ့်မည်”ဟူ၍ မိန့်တော်မူ၏။
4-5. ဤအမှုအရာဖြစ်ပျက်ခဲ့ခြင်းမှာ “‘ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းမနှင့်မြည်း၏သားတည်းဟူသော မြည်းကလေးကိုစီးလျက် နူးညံ့သိမ်မွေ့စွာဖြင့် သင့်ထံသို့ကြွလာတော်မူ၏’ဟူ၍ ဇိအုန်သမီးအား ပြောကြားကြလော့”ဟု ပရောဖက်အားဖြင့်မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
6. တပည့်တော်တို့သည်လည်း သွား၍ သူတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။