1. ထို့နောက် ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် တန်ခိုးနှင့်ပေါ်ထွန်းလာသော ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။
2. ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုသာခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍
3. ဝတ်ရုံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ဖြူဖွေးစေရန် မလုပ်နိုင်လောက်အောင် အလွန်ဖြူဖွေးတောက်ပလာလေ၏။
4. ဧလိယနှင့်မောရှေတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ယေရှုနှင့်စကားပြောနေကြ၏။
5. ထိုအခါ ပေတရုက “ရဗ္ဗိ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။
6. သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
7. ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။
8. ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။
9. ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။