38. ကိုယ်တော်ကလည်း “သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။
39. ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။
40. လူတို့သည်လည်း တစ်ရာစီ၊ ငါးဆယ်စီ အစုလိုက်ထိုင်ကြ၏။
41. ထိုအခါ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ လူတို့ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ခွဲဝေပေးတော်မူ၏။
42. လူအပေါင်းတို့သည် စား၍ဝကြ၏။
43. ထို့နောက် မုန့်အကျိုးအပဲ့နှင့် ငါး၏အကြွင်းအကျန်တို့ကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
44. မုန့်ကိုစားသောယောက်ျားဦးရေမှာ ငါးထောင်ရှိ၏။
45. ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
46. လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။
47. ညနေချမ်းအချိန်ရောက်သောအခါ လှေသည် ပင်လယ်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်၌ တစ်ပါးတည်းရှိတော်မူ၏။
48. လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုဖြတ်သွားမည်ပြုလေ၏။
49. တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တစ္ဆေဖြစ်သည်ဟုထင်မှတ်လျက် အော်ဟစ်ကြ၏။