24. ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။
25. သူသည်လည်း ချက်ချင်းပင် မင်းကြီးထံအလျင်အမြန်ဝင်၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယခုပင် ကျွန်မအားပေးစေလိုပါသည်”ဟု တောင်းလျှောက်လေ၏။
26. မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်
27. အာဏာပါးကွက်သားတစ်ဦးကို ချက်ချင်းစေလွှတ်ကာ ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေးလေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်ပြီးလျှင်
28. ထိုဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေ၏။ မိန်းကလေးသည်လည်း ၎င်းကို မိမိ၏မိခင်အားပေးလေ၏။
29. ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။
30. တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။
31. ကိုယ်တော်ကလည်း “သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။