11. “သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
12. ထိုအခါ လေဖြတ်သောသူသည်ထ၍ အိပ်ရာကိုချက်ချင်းဆောင်ယူလျက် လူအပေါင်းတို့ရှေ့မှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့သြငေးမော၍ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်စဖူး”ဟု ပြောဆိုလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
13. ကိုယ်တော်သည် နောက်တစ်ဖန် ပင်လယ်ကမ်းနားသို့ကြွတော်မူရာ လူထုပရိသတ်အပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် သူတို့ကိုသွန်သင်တော်မူ၏။
14. တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍ “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
15. ကိုယ်တော်သည် လေဝိ၏အိမ်ထဲ၌ထိုင်၍စားသောက်နေတော်မူစဉ် များစွာသောအခွန်ကောက်ခံသူနှင့် အပြစ်သားတို့သည် တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ အကြောင်းမူကား နောက်တော်သို့လိုက်ကြသည့် ထိုသို့သောသူများစွာရှိကြ၏။
16. ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။