ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:21-36 Myanmar Standard Bible (MSB)

21. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍​ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23. ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ​ရာ သူ​တို့​အား​လုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။

24. ကိုယ်​တော်​က​လည်း “ဤ​သည်​ကား လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

25. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​၌ အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် စ​ပျစ်​သီး​မှ​ဖြစ်​သော​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

26. ထို့​နောက် သူ​တို့​သည် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့​ထွက်​သွား​ကြ​၏။

27. ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​တို့​သည် ကွဲ​လွင့်​သွား​ရ​ကြ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ သင်​တို့​အား​လုံး​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။

28. သို့​သော် ငါ​သည်​ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​အ​ခါ ပေ​တ​ရု​က “အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

30. ယေ​ရှု​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​သည်​ကား ယ​နေ့၊ ဤ​ည​တွင်​ပင် ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

31. သို့​သော် ပေ​တ​ရု​က “အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက်​သေ​ရ​လျှင်​ပင် ကိုယ်​တော်​ကို​လုံး​ဝ​မ​ငြင်း​ပယ်​ပါ”​ဟု အ​ခိုင်​အ​မာ​လျှောက်​လေ​၏။ တ​ပည့်​တော်​အား​လုံး​တို့​သည်​လည်း ထို​နည်း​တူ​လျှောက်​ကြ​၏။

32. ထို့​နောက် သူ​တို့​သည် ဂေ​သ​ရှေ​မန်​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​၏။ ကိုယ်​တော်​က “ငါ​ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​လျှင်

33. ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို မိ​မိ​နှင့်​အ​တူ​ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

34. “ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သေ​လု​မ​တတ် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၏။ ဤ​နေ​ရာ​၌​နေ​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

35. ထို့​နောက် ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​ပြီး မြေ​ပေါ်​၌​ပျပ်​ဝပ်​လျက် ဖြစ်​နိုင်​လျှင် ဤ​အ​ချိန်​နာ​ရီ​ကို မိ​မိ​ထံ​မှ​လွန်​သွား​စေ​မည့်​အ​ကြောင်း ဆု​တောင်း​ကာ

36. “အို အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​ပါ​၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ ဖယ်​ရှား​ပေး​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ”​ဟု တောင်း​လျှောက်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14