30. သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အသိဉာဏ်ရှိသမျှနှင့် သင်၏အစွမ်းသတ္တိရှိသမျှတို့ဖြင့် ချစ်ရမည်’ဟူ၍ ဖြစ်၏။
31. ဒုတိယပညတ်ချက်မှာ ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။ ဤပညတ်ချက်နှစ်ပါးထက်ကြီးမြတ်သော အခြားပညတ်မရှိ”ဟု ဖြေကြားတော်မူ၏။
32. ထိုကျမ်းပြုဆရာကလည်း “မှန်ပါ၏ဆရာ။ ဘုရားသခင်သည် တစ်ဆူတည်းရှိ၍ ထိုဘုရားသခင်မှတစ်ပါး အခြားဘုရားမရှိဟု ဆရာပြောသည်မှာ ဟုတ်မှန်ပါ၏။
33. ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
34. ထိုသူသည် ပညာရှိစွာဖြေကြားသည်ကို ယေရှုမြင်တော်မူလျှင် “သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေး”ဟု သူ့အား မိန့်တော်မူ၏။ ထိုအချိန်မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
35. တစ်ဖန် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့က မည်သို့ပြောဆိုနိုင်ကြသနည်း။
36. ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
37. ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။