18. ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲတို့သည် အထံတော်သို့လာ၍
19. “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။
20. ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပါသည်။
21. ထိုအခါ ဒုတိယညီသည် ထိုမိန်းမကိုယူ၍ မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပြန်သည်။ တတိယညီသည်လည်း ထိုနည်းတူဖြစ်ပြီး
22. ခုနစ်ဦးစလုံးသည်မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
23. ရှင်ပြန်ထမြောက်ရာကာလ၌ သူတို့ထမြောက်ကြသောအခါ ထိုမိန်းမသည် မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
24. ယေရှုကလည်း “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် ဤသို့အယူလွဲနေကြသည်မဟုတ်လော။
25. အကြောင်းမူကား လူတို့သည် သေသောသူတို့ထဲမှ ထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်ဘုံ၌ရှိသော ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။
26. သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
27. ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ သင်တို့သည် လွန်စွာအယူလွဲကြပြီ”ဟု မိန့်တော်မူ၏။
28. ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။
29. ယေရှုက “ပထမပညတ်ချက်မှာ ‘အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။