8. ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။
9. ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
10. တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
12. မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
13. ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14. ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
15. သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
16. ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။