27. ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက် “ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
28. ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
29. ယေရှုက “သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင်
30. ထိုသူသည် ယခုဘဝ၌ အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ညှဉ်းဆဲခြင်းများနှင့်တကွခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။
31. သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
32. သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍
33. “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့ထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကိုသေဒဏ်စီရင်၍ လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။