26. ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ၏။
27. လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
28. ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။
29. ထို့နောက် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ချက်ချင်းထွက်ခွာ၍ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့်အန္ဒြေတို့အိမ်သို့သွားကြ၏။
30. ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။
31. ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
32. ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။
33. ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။
34. ကိုယ်တော်သည်လည်း ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူ များစွာတို့ကိုကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အား စကားပြောခွင့်ပေးတော်မမူ။
35. နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင်ထိုအရပ်၌ ဆုတောင်းတော်မူ၏။
36. ထိုအခါ ရှိမုန်နှင့်သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော်ကိုလိုက်ရှာ၍
37. ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။
38. ကိုယ်တော်ကလည်း “အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏”ဟု မိန့်တော်မူ၏။
39. ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
40. အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။