ရှင်​မာ​ကု​ခ​ရစ်​ဝင် 1:10-26 Myanmar Standard Bible (MSB)

10. ထို့​နောက် ရေ​ထဲ​မှ​ထွက်​လာ​သည်​နှင့် ကောင်း​ကင်​သည်​ပွင့်​၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ မိ​မိ​အ​ပေါ်​သို့​ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။

11. ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို​ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

12. ထို့​နောက် ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့ ချက်​ချင်း​ထုတ်​ဆောင်​တော်​မူ​၏။

13. ထို​အ​ခါ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌ ရက်​ပေါင်း​လေး​ဆယ်​နေ​လျက် စာ​တန်​၏​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ကောင်း​ကင်​တ​မန်​များ​သည် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။

14. ယော​ဟန်​အ​ကျဉ်း​ချ​ခံ​ရ​ပြီး​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၍ ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​လျက်

15. “အ​ချိန်​ပြည့်​စုံ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​လည်း ပေါ်​ထွန်း​လု​နီး​ပြီ။ နောင်​တ​ရ​၍ ကောင်း​မြတ်​သော​သ​တင်း​ကို ယုံ​ကြည်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. ဂါ​လိ​လဲ​ပင်​လယ်​ကမ်း​နား​တွင် ကြွ​တော်​မူ​စဉ် တံ​ငါ​သည်​များ​ဖြစ်​ကြ​သော ရှိ​မုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်​လယ်​ထဲ​တွင် ပိုက်​ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်​မူ​၏။

17. ယေ​ရှု​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံ​ငါ​သည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်​မူ​လျှင်

18. သူ​တို့​သည် ချက်​ချင်း​ပင် ပိုက်​ကွန်​များ​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

19. တစ်​ဖန် အ​နည်း​ငယ်​ဆက်​၍​ကြွ​တော်​မူ​ရာ ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​သူ​၏​ညီ​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည် လှေ​ထဲ​၌ ပိုက်​ကွန်​များ​ကို​ဖာ​ထေး​နေ​ကြ​၏။

20. ကိုယ်​တော်​သည် သူ​တို့​ကို​ချက်​ချင်း​ခေါ်​တော်​မူ​လျှင် သူ​တို့​သည် မိ​မိ​တို့​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို လူ​ငှား​တို့​နှင့်​အ​တူ လှေ​ထဲ​၌​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

21. ထို့​နောက် သူ​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​ကြ​၏။ ဥ​ပုသ်​နေ့​ရောက်​သည်​နှင့် ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သွန်​သင်​တော်​မူ​၏။

22. ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​သြ​ချီး​မွမ်း​ကြ​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ကျမ်း​ပြု​ဆ​ရာ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ အ​ခွင့်​အာ​ဏာ​ရှိ​သော​သူ​ကဲ့​သို့ သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

23. ထို​အ​ချိန်​၌​ပင် သူ​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။

24. ထို​သူ​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန် ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်​ဟစ်​ပြော​ဆို​လေ​၏။

25. ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ​ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

26. ထို​အ​ခါ ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီး​လျှင် ကျယ်​လောင်​သော​အ​သံ​ဖြင့်​အော်​ဟစ်​လျက် သူ့​ထံ​မှ​ထွက်​သွား​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 1