8. ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။
9. အဘယ်ကြောင့်ဆိုသော် ကတိတော်စကားမှာ “ဤသို့သောအချိန်အခါတွင် ငါလာခဲ့ဦးမည်။ စာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်”ဟူ၍ ဖြစ်၏။
10. ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ
11. သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
12. “အကြီးသည် အငယ်ကို အစေခံရလိမ့်မည်”ဟု ရေဗက္ကာအား မိန့်တော်မူ၏။
13. “ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူကား ငါမုန်း၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
14. သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဘုရားသခင်၌ မတရားမှုရှိသလော။ လုံးဝမရှိပေ။
15. အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မောရှေအား “ငါသည် သနားလိုသောသူကိုသနား၍ သက်ညှာလိုသောသူကို သက်ညှာမည်”ဟု မိန့်တော်မူ၏။
16. ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။
17. အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။
18. ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
19. ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။
20. သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
21. အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။
22. သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။