27. စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏။
28. ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
29. အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
30. ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။
31. သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
32. မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
33. မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
34. မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။
35. မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးစသည်တို့လော။