16. ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။
17. ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
18. ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။
19. ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
20. အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
21. ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။
22. ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။
23. ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
24. ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။