11. ထိုမျှမက ယခု ငါတို့အား ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိစေသော ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့သည် ဘုရားသခင်၌ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။
12. ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
13. တစ်နည်းကား ပညတ်တရားကိုမပေးမီကပင် အပြစ်သည် ဤလောက၌ရှိ၏။ သို့သော် ပညတ်တရားမရှိလျှင် အပြစ်ကို အပြစ်ဟု မှတ်ယူ၍မရ။
14. မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အာဒံ၏ဖောက်ဖျက်ကျူးလွန်မှုနှင့်တူညီသောအပြစ်မျိုးကို မပြုသောသူတို့ကိုပင် စိုးမိုးခဲ့၏။ အာဒံသည် ကြွလာရန်ရှိသောသူ၏ပုံပမာဖြစ်၏။
15. သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
16. ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။