1. ထိုသို့ဖြစ်လျှင် သွေးသားဇာတိအားဖြင့် ငါတို့အဖအာဗြဟံ ခံစားရရှိသည့်အရာနှင့်ပတ်သက်၍ မည်သို့ဆိုရမည်နည်း။
2. အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။
3. ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။
4. အလုပ်လုပ်ဆောင်သောသူအတွက် လုပ်အားခသည် ကျေးဇူးပြုခြင်းအဖြစ်မဟုတ်ဘဲ သူရသင့်ရထိုက်သောအရာအဖြစ် မှတ်ယူရ၏။
5. သို့ရာတွင် လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကို ယုံကြည်သောသူအတွက်မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
6. ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင်
7. “မိမိပြုသည့်တရားမဲ့သောအမှုများခွင့်လွှတ်ခြင်းခံရ၍ မိမိအပြစ်များဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။
8. ထာဝရဘုရားအပြစ်မယူသောသူသည် မင်္ဂလာရှိ၏”ဟု ဆို၏။
9. သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော။ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ
10. မည်သည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူသနည်း။ အရေဖျားလှီးထားသည့်အခြေအနေ၌လော။ သို့မဟုတ် အရေဖျားမလှီးထားသည့်အခြေအနေ၌လော။ အရေဖျားလှီးထားသည့်အခြေအနေ၌မဟုတ်ဘဲ အရေဖျားမလှီးထားသည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူ၏။