1. ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
2. ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး
3. ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
4. မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
5. ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
6. သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။
7. ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။