1. ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
2. ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး
3. ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
4. မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
5. ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
6. သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။
7. ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
8. သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။
11. သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
12. ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏။
13. ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
14. ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။
15. ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။
16. ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
17. အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။