8. ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
9. ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။
10. ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
11. ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
12. သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ပြီး သူ၏ဦးခေါင်းပေါ်၌ သရဖူများကိုဆောင်းထား၏။ သူ၌ရေးထားသောနာမတစ်ခုရှိ၍ ၎င်းကို သူကိုယ်တိုင်မှတစ်ပါး မည်သူမျှမသိ။
13. သူသည် သွေး၌နှစ်ထားသောဝတ်ရုံကိုဝတ်ထားလျက် သူ၏အမည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဟု ခေါ်၏။