16. ‘ပိတ်ချော၊ ခရမ်းရောင်နှင့် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားသောမြို့ကြီး၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။
17. အကြောင်းမူကား ဤမျှလောက်များပြားသောစည်းစိမ်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း လုံးလုံးဖျက်ဆီးခြင်းခံရပါသည်တကား’ဟု ဆိုကြလိမ့်မည်။ ရေယာဉ်မှူးအားလုံး၊ အရပ်ရပ်သို့ရွက်လွှင့်တတ်သောသူအပေါင်းတို့နှင့် သင်္ဘောသားများ၊ ပင်လယ်ထဲ၌အလုပ်လုပ်နေသူရှိသမျှတို့သည်လည်း အဝေးမှရပ်လျက်
18. သူ့ကိုလောင်ကျွမ်းနေသောမီးမှ မီးခိုးများကိုမြင်၍ ‘မည်သည့်မြို့သည် ဤကြီးမားသောမြို့နှင့်တူသနည်း’ဟု အော်ဟစ်ကြလိမ့်မည်။
19. သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။
20. ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
21. ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။
22. စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။
23. ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
24. ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။