5. သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။
6. ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
7. ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။
8. သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။
9. ဤနေရာတွင် ဉာဏ်ပညာပါသောအသိစိတ်ရှိရန်လိုအပ်၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေသောတောင်ခုနစ်လုံးဖြစ်ပြီး
10. ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီး တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။
11. ယခင်ရှိခဲ့ပြီး ယခုမရှိသောသားရဲသည် အဋ္ဌမဘုရင်ဖြစ်၏။ သူသည် ထိုခုနစ်ပါးထဲမှ တစ်ပါးလည်းဖြစ်ပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
12. သင်မြင်ရသောဦးချိုဆယ်ချောင်းကား တိုင်းနိုင်ငံကိုမရသေးသော ဘုရင်ဆယ်ပါးဖြစ်ကြ၏။ သို့သော် သူတို့သည် သားရဲနှင့်အတူ မင်းအာဏာစက်ကို တိုတောင်းသောအချိန်တစ်ခုအတွင်း ရရှိကြလိမ့်မည်။
13. ထိုဘုရင်တို့သည် တစ်စိတ်တစ်သဘောတည်းရှိ၍ မိမိတို့၏တန်ခိုးနှင့်အခွင့်အာဏာတို့ကို သားရဲအားပေးအပ်ကြလိမ့်မည်။
14. သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
15. ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။
16. သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။
17. အကြောင်းမူကား ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်များပြည့်စုံခြင်းသို့ရောက်သည်အထိ သူတို့သည် တစ်စိတ်တည်းတစ်သဘောတည်းဖြစ်လျက် မိမိတို့၏နိုင်ငံများကို သားရဲထံပေးအပ်ခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဆောင်ရွက်မည့်သဘောကို သူတို့၏စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူ၏။