5. တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။
6. သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။
7. သူတို့သက်သေခံပြီးသောအခါ အတိုင်းမသိနက်ရှိုင်းရာထဲမှ တက်လာသောသားရဲသည် သူတို့နှင့်စစ်တိုက်၍ အောင်မြင်ပြီး သူတို့ကိုသတ်ဖြတ်လိမ့်မည်။
8. သူတို့၏အလောင်းများသည် ဝိညာဉ်သဘောအရ သောဒုံနှင့်အီဂျစ်ဟုခေါ်သော မြို့ကြီး၏လမ်းမပေါ်တွင် ရှိကြလိမ့်မည်။ သူတို့၏သခင်သည်လည်း ထိုမြို့တွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရ၏။
9. ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲတိုင်တိုင်ကြည့်ရှုကြပြီး ထိုအလောင်းများကို သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့်မပေးဘဲနေကြလိမ့်မည်။
10. ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။
11. သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
12. ထိုအခါ ကောင်းကင်မှကြီးသောအသံက “ဤအရပ်သို့တက်လာခဲ့ကြလော့”ဟု ထိုသူနှစ်ဦးတို့အားဆိုသည်ကို ကြားလျှင် သူတို့သည် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်သွားကြ၏။ သူတို့၏ရန်သူများသည်လည်း သူတို့ကိုကြည့်နေကြ၏။
13. ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။
14. ဒုတိယအမင်္ဂလာသည် လွန်သွားလေပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန်ရောက်လာလိမ့်မည်။
15. သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
16. ထိုအခါ ဘုရားသခင်၏ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်တွင် ထိုင်နေကြသောသက်ကြီးဝါကြီးနှစ်ဆယ်လေးပါးတို့သည် ဘုရားသခင်ကိုပျပ်ဝပ်ရှိခိုးလျက်
17. “အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ယခုရှိလျက် ယခင်ကလည်းရှိသည့် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကိုယူဆောင်လျက် စိုးစံတော်မူသောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။