1. ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။
2. သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းခြေကြလိမ့်မည်။
3. ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။
4. ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။
5. တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။
6. သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။