13. အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
14. ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။
15. သို့သော် သခင်ဘုရားက “သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
16. သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
17. ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
18. ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး
19. အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
20. ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။